We'd like to send you notifications of the latest posts and updates
Article
27 Jan,2025 - Yangon | 2 mins read
Author: Zarni Htun, CHRO at ATOM
စူးစမ်းလိုစိတ်ပြင်းပြတဲ့ လူသားတွေအနေနဲ့ နယ်ပယ်အသီးသီးမှာ လေ့လာသင်ယူခြင်းတွေကို အမြဲမပြတ်လုပ်ဆောင်နေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးက နှစ်စဉ်နှစ်တိုင်းရဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကို နိုင်ငံတကာပညာရေးနေ့ အဖြစ် ကြေညာခဲ့ပါတယ်။ ယခုနှစ် theme မှာဆိုရင် “ဉာဏ်ရည်တု နှင့် ပညာရေး (AI and Education): အလိုအလျောက်စနစ်များနဲ့ လည်ပတ်နေသော ကမ္ဘာကြီးထဲက လူသားများရဲ့ ရွေးချယ်၊ ပြုပြင်၊ ပြောင်းလဲနေထိုင်မှု” ဆိုတဲ့ ခေါင်းစဉ်အတိုင်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ လိုက်လျောညီထွေစွာ လူသားများရဲ့ သင်ကြားသင်ယူမှု အနှစ်သာရတွေကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်း အလေးထားဖော်ပြထားပါတယ်။
ရည်မှန်းချက်အပေါ် ကတိကဝတ်ပြုမှု
အဖွဲ့အစည်းရှုထောင့်က ကြည့်ကြရင်ဖြင့် အက်တမ် (ATOM) ရဲ့ ပညာရေးအခန်းကဏ္ဍအပေါ် ကတိကဝတ်ပြုမှုဟာ အားရမှတ်သားဖွယ်ရာဖြစ်ပြီး “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး” ၊ "ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” စတဲ့ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်တွေကတဆင့် မြန်မာပြည်သူပြည်သားတွေအတွက် ပိုမိုကောင်းမွန်သောဘဝတွေ ရရှိခံစားနိုင်ကြစေဖို့ အစဉ်တစိုက်ကြိုးစားဆောင်ရွက်နေတာကို မြင်တွေ့နိုင်ပါတယ်။ လူမှုဘဝ နဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာ ပိုမိုကောင်းမွန်လာစေရေးသာမက နိုင်ငံတကာပညာရေးနေ့ကို ပါဝင်ဂုဏ်ပြုသောအားဖြင့် အက်တမ် (ATOM) အနေနဲ့ အရည်အသွေးပြည့်မီသော ပညာသင်ကြားမှုပတ်ဝန်းကျင်ကောင်းများ နဲ့ သင်ကြားမှုအခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး
၂၀၂၂ ခုနှစ်မှ စတင်ပြီး အက်တမ် (ATOM) အနေနဲ့ မြန်မာလူငယ်များအတွက် အလားအလာကောင်းများ အပြည့်အ၀ရရှိနိုင်စေဖို့ လုံခြုံစိတ်ချရပြီး အရည်အသွေးမြင့်သော သင်ကြားရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးစွမ်းနိုင်ရန် ကျောင်းပေါင်း (၁၃) ကျောင်းသို့ အဆောက်အအုံနှင့် အထောက်အပံ့ပစ္စည်းများ လှူဒါန်းခဲ့ပြီး၊ ဘုန်းတော်ကြီးသင်မိဘမဲ့ကလေး ဂေဟာ (၈) နေရာကို အဆောက်အအုံများ ပံ့ပိုးလှူဒါန်းနိုင်ခဲ့ပါတယ်။ ပညာသင်ကြားရေးမှာ ပိုမိုထိရောက်လွယ်ကူစေဖို့ Braille printer ၊ 30 KVA ထရန်စဖော်မာ၊ ပရိဘောဂ နဲ့ အခြားထောက်ပံ့ပစ္စည်းများစွာကိုလည်း သင်ကြားရေးအရင်းအမြစ်နည်းပါးသော ကျောင်း (၅) ကျောင်း ကို စဥ်ဆက်မပျက် အမြဲပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။
ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း
၂၀၂၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ “ပညာရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း ဆိုတဲ့ရည်မှန်းချက်အတိုင်း အက်တမ် (ATOM) မှ ရန်ကုန်၊ နေပြည်တော် နဲ့ မန္တလေးမြို့များက သင်ကြားသင်ယူမှုအထောက်အပံ့နည်းပါးသော စာသင်ကျောင်း (၅) ကျောင်းကို သတင်းအချက်အလက် နဲ့ ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သော စာသင်ခန်း (ICT Lab) များ ထောက်ပံ့ပေးခဲ့ပါတယ်။ ICT Labs စာသင်ခန်းများမှာ လက်ပ်တော့များ (Laptops)၊ Printer များ၊ ဗို့အားထိန်းညှိစက်များ၊ ကွန်ရက်ချိတ်ဆက်မှု နဲ့ အခြားဆက်စပ်ပစ္စည်းများပါဝင်ပြီး ကျောင်းသားကျောင်းသူများကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သင်ကြားနိုင်စေရေး နဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာများ၊ ပြန်လည်အသုံးချနိုင်တဲ့ တတ်ကျွမ်းမှုများ တိုးတက်လာစေရေးကို အားပေးဆောင်ရွက်ခဲ့ပါတယ်။ အက်တမ်အနေနဲ့ ယခု ၂၀၂၅ ခုနှစ်မှာလည်း ICT Labs စာသင်ခန်းများ ဆက်လက်ထောက်ပံ့ပေးသွားမယ့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။
လေ့လာသင်ယူနေသူများကို ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရေး ဆက်လက်ခွန်အားပေး
အက်တမ် (ATOM) ရဲ့ “Beyond Better Future” အစီအစဉ်ကတဆင့် နိုင်ငံတဝှမ်းရှိ ကောလိပ်ကျောင်းများနဲ့ သုံးလတစ်ကြိမ် တွေ့ဆုံကာ ရုံးသို့ လာရောက်လေ့လာလည်ပတ်စေပြီး ဒစ်ဂျစ်တယ်စီးပွားရေး နှင့် ကွန်ရက်လည်ပတ်မှုလုပ်ငန်းများအကြောင်း မျှဝေကာ ကျောင်းသားကျောင်းသူများကို လုပ်ငန်းခွင်အတွေ့အကြုံ နဲ့ ရှေ့အနာဂတ် အလုပ်အကိုင် အလားအလာတွေကို သိရှိနားလည်စေဖို့ အခွင့်အရေးများ ဖန်တီးပေးလျက်ရှိပါတယ်။
အက်တမ် (ATOM) ၏ တာဝန်ယူမှု၊ တာဝန်ခံမှု
အက်တမ် (ATOM) အနေနဲ့ လူမှုအသိုင်းအဝိုင်း ကောင်းမွန်တိုးတက်လာစေဖို့အတွက် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ နဲ့ မိဘမဲ့ဂေဟာများရဲ့ ဆောက်လုပ်ရေး နဲ့ ပြုပြင်မွန်းမံမှုလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်လျက်ရှိပါတယ်။ လူငယ်များကို IT နည်းပညာ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်မှာ အက်တမ် (ATOM) က နည်းပညာသင်တန်းအစီအစဉ် (TTP) ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဝန်ထမ်းတိုင်းကို လေ့လာသင်ယူမှုများ အစဉ်မပြတ်ပြုလုပ်စေလိုတဲ့အတွက် အက်တမ် (ATOM) မှ နှစ်စဉ် နာရီ ၄၀ သင်ကြားသင်ယူမှု အစီအစဉ်ကိုလည်း ထားရှိပေးပြီး အရည်အသွေး၊ ကျွမ်းကျင်မှုများ မြင့်မားလာစေရုံသာမက နိုင်ငံတကာသင်ကြားရေး ပလက်ဖောင်းတွေကတဆင့် နည်းပညာနဲ့ အတတ်ပညာများ လေ့လာသင်ယူစေပြီး အက်တမ်အဖွဲ့အစည်းရဲ့ နည်းဗျူဟာများနဲ့ ကိုက်ညီမှုရှိသော ကျွမ်းကျင်ဝန်ထမ်းများကို မွေးထုတ်ပေးလျက်ရှိပါတယ်။ သင်တန်းများကို လုပ်ငန်းစတင်ဝင်ရောက်သူမှအစ ကျွမ်းကျင်ပညာရှင်အဆင့်အထိ ဝန်ထမ်းများအားလုံး တက်ရောက်နိုင်ပြီး မိမိတို့အဆင်ပြေသည့်အချိန်များတွင် အလွယ်တကူ သင်ကြားလေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
၂၀၂၂ ခုနှစ်မှ စတင်ကာ အက်တမ် (ATOM) အနေနဲ့ တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များစွာအတွက် မြန်မာငွေကျပ်သန်းပေါင်း ၅ ဘီလီယံနီးပါး ထောက်ပံ့ပေးနေပြီး လူပေါင်း ၇ သိန်းကျော်ကို ကူညီပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေအပါ် ကောင်းမွန်သောအကျိူး သက်ရောက်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ဂုဏ်ယူရသလို ရှေ့လာမယ့်အနာဂတ်မှာလည်း မြန်မာပြည်သူပြည်သားများ၏ လူမှုဘဝ နဲ့ ပညာရေးတိုးတက်မြင့်မားလာဖို့၊ အနာဂတ်မျိုးဆက်သစ်တွေရဲ့ သင်ကြားလေ့လာမှုတွေမှာ ဆက်လက်ကူညီပံ့ပိုးပေးနိုင်ဖို့ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်တွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Back to top
Share