We'd like to send you notifications of the latest posts and updates
Article
04 Oct,2023 - Yangon | 2 mins read
ရေးသူ - Ahmad Abdallah၊ အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်
ယနေ့ခေတ်လို လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ ကော်ပိုရိတ်လုပ်ငန်းခွင်အတွင်းမှာ လုပ်ကိုင်နေကြတဲ့ ကျွန်တော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတတ်တဲ့ အရာဆိုတာ ရှိစမြဲပါပဲ။ ဒီလို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့အရာတွေက အက်ပလီကေးရှင်းတွေ၊ ဆူညံသံတွေအပြင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်ပြီး အာရုံပျံ့လွင့်စေတဲ့အရာတွေက အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည်ပေါ် အကျိုးသက်ရောက်နေတယ်ဆိုတာကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော် မျက်မြင်ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး အလုပ်ခွင်မှာ အာရုံပျံ့လွင့်မှုတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို ဝေမျှပေးသွားပါမယ်။
၁) တစ်နေ့တာအတွက် ကြိုတင်ပြင်ဆင်ထားပါ - စိတ်အာရုံပျံ့လွင့်သွားတာမျိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ တစ်နေ့တာလုပ်ရမယ့် အစီအစဉ်တွေကို စနစ်တကျ ချမှတ်ထားပြီး အချိန်ကို အကျိုးရှိရှိ ပိုင်းခြားထားကြည့်ပါ။ အရေးကြီးဆုံးနဲ့ သေသေချာချာ ဂရုစိုက်လုပ်ဆောင်ရမယ့်အလုပ်တွေဆိုရင် အဓိကဦးစားပေးအနေနဲ့ လုပ်ဆောင်ပါ။ အလုပ်စလုပ်လုပ်ချင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ပြီးစီးနိုင်မယ့်အလုပ်တွေကို အရင် စလုပ်ထားတာက ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အလုပ်လုပ်ဖို့ကို စိတ်အားထက်သန်စေပြီး တစ်နေ့တာလုံးအတွက် အစကောင်းစေမှာပါ။ နောက်ပြီးတော့ ကိုယ့်ရဲ့ စိတ်အကြည်လင်ဆုံးဖြစ်တဲ့ မနက်ပိုင်းအလုပ်ချိန်လက်ကျန်မှာတော့ အဓိက ဦးစားပေးလုပ်ရမယ့်လုပ်ငန်းတာဝန်တွေကို ပြီးပြတ်အောင်လုပ်ဆောင်ပြီး နေ့ခင်းပိုင်းမှာတော့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်တာက အကျိုးရှိတယ်လို့ ကျွန်တော်က ထင်မြင်မိပါတယ်။
၂) အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ - တစ်နေ့တာလုပ်ရမယ့် အလုပ်စာရင်း (to-do list) တစ်ခုကို ကြိုတင်ရေးဆွဲထားတာ၊ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုစီအတွက် အချိန်တစ်ခုသတ်မှတ်ထားတာ၊ ဌာနအဖွဲ့လိုက်ဆွေးနွေးမှုလိုမျိုးကိစ္စရပ်တွေအတွက် အချိန်သက်သက်ဖယ်ထားတာမျိုး စတာတွေကို လုပ်ဆောင်ပြီး ကိုယ်ရဲ့ အချိန်တွေကို စနစ်တကျစီမံခန့်ခွဲကြည့်ပါ။ ကိုယ့်ရဲ့အလုပ်ချိန်ကို သေသေချာချာ သတ်မှတ်ထားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိန်ညှိလုပ်ဆောင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒီလိုမျိုး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တစ်ယောက်ရဲ့ အချိန်၊ ဦးစားပေးအရာတွေကို တစ်ယောက်က လေးစားပေးရင်း ကိုယ့်အဖွဲ့တစ်ခုလုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၃) စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို ရှောင်ရှားပါ - အလုပ်တာဝန်တွေကို ပြီးမြောက်အောင် ကြိုးစားနေချိန်မှာ အာရုံထွေပြားရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်က ဒီဂျစ်တယ်နည်းပညာပဲဖြစ်ပါတယ်။ ပြောရရင်တော့ အလုပ်ချိန်မှာ အာရုံစူးစိုက်ထားဖို့ လိုအပ်တဲ့အခါမျိုးမှာ ကိုယ့်မိုဘိုင်းဖုန်းကို 'Do Not Disturb' ဖွင့်ထားလိုက်ပါ။ ဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ဟန့်တားနိုင်ဖို့ဆိုရင် ဖုန်းရဲ့ အသိပေးချက်တွေကို ကြည့်ပြီး အီးမေးလ်တွေကို စစ်ဆေးဖို့ အချိန်တစ်ခု သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်။
၄) လိုအပ်လာပါက ငြင်းဆန်ပါ - လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တာက အရေးပါတယ်ဆိုပေမယ့် အရေးတကြီးမဟုတ်တဲ့ အလုပ်ကိစ္စမျိုးတွေဆိုရင် ခဏရွှေ့ဆိုင်းထားလိုက်တာက အလုပ်လုပ်တဲ့အခါမှာ ပိုပြီးထိရောက်တယ်ဆိုတဲ့ သက်သေသာဓကတွေ ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အလုပ်တစ်ခုက အခုချက်ချင်းလုပ်စရာမလိုဘဲ ခဏစောင့်ဆိုင်းလို့ရတဲ့အခါမျိုးတွေဆိုရင် ကိုယ့်ရဲ့အဓိကဦးစားပေးအလုပ်တွေကို အရင်ဆုံးလုပ်ဆောင်နိုင်ဖို့ကို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းကြည့်ပါ။ ဒီလိုမျိုး ညှိနှိုင်းဆောင်ရွက်တာက ကိုယ့်ရဲ့အလုပ်ချိန်မှာ တခြားသူရဲ့ အရေးတကြီးအလုပ်တွေနဲ့သာ အလုပ်ရှုပ်နေပြီး ကိုယ့်ရဲ့အလုပ်တာဝန်တွေအတွက် ကိုယ့်မှာ အချိန်မရှိတာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။
၅) အနားယူချိန် သတ်မှတ်ထားပါ - ပုံမှန်အနားယူချိန်ထားတာက ကိုယ့်ရဲ့အာရုံစိုက်နိုင်မှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တို့ကို သိသိသာသာ တိုးတက်လာစေနိုင်ပါတယ်။ အလုပ်လုပ်ချိန်မှာ အာရုံပျံ့လွင့်နေမယ့်အစား မျက်လုံးတွေကို ခဏမှိတ်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပါ။ ဒီလိုစိတ်တည်ငြိမ်အောင်လုပ်လိုက်တဲ့အခိုက်အတန့်တွေက ကိုယ့်ကို အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေနိုင်ပြီး အလုပ်တွေကို အင်အားသစ်နဲ့ ပြန်လည်စတင်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
၆) လိုအပ်ပါက အလုပ်လွှဲပေးပြီး ပူးပေါင်းဆောင်ရွက်ပါ - ကိုယ့်အဖွဲ့ရဲ့ အားသာချက်ကို သိအောင်လုပ်ပါ။ အလုပ်တိုင်းကို ကိုယ်တိုင်ဝင်လုပ်ပြီး စိတ်ညစ်နေမယ့်အစား လိုအပ်တဲ့အခါ အလုပ်တာဝန်တွေကို တခြားသူနဲ့ ခွဲပြီး ပူးပေါင်းဆောင်ရွက်ကြည့်ပါ။ ဥပမာပြောရမယ်ဆိုရင် ပရောဂျက်တစ်ခုက ကျွမ်းကျင်တဲ့ ခွဲခြမ်းစိတ်ဖြာမှုကို လိုအပ်တယ်ဆိုရင် အဲ့ဒီအပိုင်းမှာ အားသာကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီ အပ်လိုက်ပါ။ ကိုယ့်အဖွဲ့ထဲမှာရှိတဲ့ အားသာချက်တွေနဲ့ ချိန်ကိုက်ပြီး အလုပ်တာဝန်တွေကို ခွဲဝေပေးလိုက်တဲ့အခါမှာ လုပ်ငန်းစွမ်းဆောင်ရည် ပိုပြီးတိုးတက်လာတာကို မြင်ရမှာဖြစ်ပြီး ဗျူဟာကျတဲ့ရည်မှန်းချက်တွေအပေါ်မှာ ပိုပြီး အာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ အလုပ်လုပ်နေချိန်မှာ အာရုံမပျံ့လွင့်သွားအောင် ထိန်းချုပ်ထားနိုင်ခြင်းက လုပ်ငန်းစွမ်းဆောင်ရည်အမြင့်ဆုံးရရှိဖို့အတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်လို့ဆိုတဲ့အခါမှာ အလုပ်ကြီးဘဲ ဖိလုပ်နေဖို့ ပြောတာမျိုးမဟုတ်ဘဲ စနစ်တကျနဲ့ အလုပ်တွင်ကျယ်အောင် အလုပ်လုပ်ကြည့်ဖို့ ပြောတာပါ။ ကျွန်တော်အပေါ်မှာ ပြောပြခဲ့တဲ့နည်းလမ်းတွေကို အမြဲတမ်းလိုက်လုပ်ကြည့်ပါ။ လိုက်လုပ်ကြည့်နေရင်းနဲ့ အာရုံပျံ့လွင့်သွားမျိုးကိုလည်း အရင်ကထက် ပိုမို ထိန်းချုပ်လာနိုင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်း လွယ်ကူစွာ အရောက်လှမ်းလာနိုင်တာကို သတိထားမိလာမှာဘဲ ဖြစ်ပါတယ်။
Back to top
Share