We'd like to send you notifications of the latest posts and updates

Article

အက်တမ်၏ တန်ဆောင်တိုင်ပွဲတော်နှင့်ယဉ်ကျေးမှုအငွေ့အသက်

15 Nov,2024 - Yangon | 2 mins read

Author: Ma Theingi Oo, Chief Financial Officer at ATOM

ဆောင်းအငွေ့အသက်ပါတဲ့ လေအေးလေးတွေတိုက်ခတ်လာတဲ့ နိုဝင်ဘာအချိန်ရောက်လာပြီမို့ အလင်းရောင် ထိန်ထိန်ညီးတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ကြိုဆိုရမဲ့အချိန်နီးကပ်လို့လာပါပြီ။ မြန်မာလူမျိုးအတွက် တန်ဆောင်တိုင်ဟာ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ အရေးပါတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာ့ပြက္ခဒိန်ရဲ့ အဋ္ဌမမြောက်လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ညမှာ ကျင်းပတဲ့ ဒီပွဲတော်ကိုမီးထွန်းပွဲတော်လို့လည်း ခေါ်ဆိုကြပါတယ်။ 

တန်ဆောင်တိုင် ထုံးတမ်းအစဉ်အလာများ 

တန်ဆောင်တိုင်လို့ပြောလိုက်တာနဲ့ လူအများစုက မီးပုံးျံလှလှတွေထွန်းကြတာကို ပထမဆုံး ပြေးမြင်ယောင် မိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီပွဲတော်ရဲ့အနှစ်သာရကတော့ မီးထွန်းရုံသက်သက်ထက် ပိုနက်နဲပါ တယ်။  တန်ဆောင်တိုင်ပွဲတော်ဆိုတာ မြန်မာ့လူမျိုးများအားလုံးပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်တစ်ခုသာမက  ပေးကမ်းရက်‌ရောမှု စည်းလုံးညီညွတ်မှုတွေကိုဖော်ဆောင်နေပါတယ်။

တန်ဆောင်တိုင်ပွဲတော် နဲ့ ဆက်စပ်နေတဲ့ ကထိန်ခင်း အလှူဒါနကလည်း မပါမဖြစ်ပါဘဲ။ ဒီလို ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်နှစ်ခုစလုံးကို နှစ်စဉ် တန်ဆောင်မုန်းလမှာ ကျင်းပလေ့ရှိပြီး လူတိုင်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ရှိတာကြောင့်လည်း အချင်းချင်း ပေါင်းစည်းမှုကို ဖြစ်ပေါ်စေပါတယ်။ တန်ဆောင်တိုင်ပွဲတော်နှင့် ကထိန်ခင်းအလှူပွဲတွေက အလွှာအသီးသီးက လူအများကို ပေါင်းစည်းစေပြီး မေတ္တာ၊ စေတနာရှေ့ထားပြီး လိုအပ်နေတဲ့ သူတွေကို ကူညီလှူဒါန်းပေးခြင်းစတဲ့ အလေ့အထကောင်းတွေကို ယူဆောင်လာရုံသာမက ပျော်ပျော်ရွှင်ရွှင် ဆီမီးထွန်းခြင်းဖြင့် မြန်မာလူမျိုးများအကြား ရင်းနှီးမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။

တန်ဆောင်တိုင်ပွဲတော်ရာသီမှာ အမြဲလုပ်နေကျဖြစ်တဲ့ ပဒေသာပင်လှူဒါန်းတာ၊ နိဗ္ဗာန်ဈေးခင်းတာ တွေအပြင် မီးပုံးပျံ ပွဲတော်ကျင်းပတာတွေကလည်း အလားတူတန်ဖိုးတွေကို ထင်ဟပ်နေစေပါတယ်။ တန်ဆောင်တိုင်နဲ့ ပတ်သက်လို့ အနှစ်သက်ဆုံးတစ်ခုကိုပြောပါလို့မေးလာခဲ့ရင် ကျွန်မအတွက်ကတော့ မြန်မာ့လူမှုအဝန်း အဝိုင်းရဲ့ ချစ်မြတ်နိုးဖွယ်ရာ ရပ်ရွာလူထုရဲ့ပါဝင်မှုကို မြင်တွေ့နိုင်တဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ပဒေသာပင်ပျိုး တာလို့ပဲ ဖြေမိမှာပါ။ 

အက်တမ် တန်ဆောင်တိုင်ယဉ်ကျေးမှု 

ချစ်စရာကောင်းတဲ့တန်ဆောင်တိုင်အချိန်အခါသမယကို ဆင်နွဲဖို့ အက်တမ် မှာ တန်ဆောင်တိုင်-ကထိန်အလှူပွဲ လိုမျိုး အစီအစဉ်တွေကို လုပ်ငန်းခွင်မိသားစုတစ်ခုအနေနဲ့ ကျွန်မတို့အတူတူပူးပေါင်းဆင်နွဲကြ ပါတယ်။  ပွဲတော်ကတော့ ရာသီအလိုက်ပြုလုပ်ကြတဲ့ ဓလေ့တစ်ခုဆိုပေမဲ့ ဒီပွဲတော်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ အချင်းအချင်း ရင်းနှီးကျွမ်းဝင်စေခြင်း ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်း နဲ့ စည်းလုံးခြင်းတွေကတော့ ကျွန်မတို့နဲ့ အတူ တစ်နှစ်ပတ်လုံး သယ်ဆောင်သွားမဲ့အရာတွေပဲဖြစ်ပါတယ်။   

မြန်မာ့ယဉ်ကျေးမှုထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ဒီတန်ဖိုးအနှစ်သာရတွေကို အက်တမ် မှာလည်း နေ့စဉ် တန်ဖိုးထားကျင့်သုံးကြပါတယ်။  တန်ဆောင်တိုင်ပွဲတော်ကပေးတဲ့ ပေးကမ်းလှူဒါန်းမှုအနှစ်သာရ ဟာ ကျွန်မတို့ကို ပွဲတော်ကာလတွင်းမှာ စုစည်းစေရုံသာမက တစ်နှစ်ပတ်လုံးမှာလည်း မျှဝေတတ်ခြင်း ဆိုတဲ့ပုံစံနဲ့ ရင်းနှီးမှုကို တိုးပွားချည်နှောင်ပေးထားတယ်လို့ မြင်မိပါတယ်။ 

လှပတဲ့ မီးရောင်တွေရယ်၊ ရက်ရောစွာပေးကမ်းစွန့်ကြဲခြင်းအလေ့အကျင့်တွေရယ်နဲ့ တန်ဆောင်တိုင်ကို ဆင်နွဲရင်း ကျွန်မတို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပါရစေ။ ဒီပွဲတော်ရာသီက စည်းလုံးခြင်းမှာ ဘယ်လိုမျိုးစွမ်းအားတွေရှိလဲဆိုတာကို ပြောပေးနေသလို  ကျွန်မတို့အပေါ် ထားရှိတဲ့ ယုံကြည်မှုနဲ့ အတူတူပူးပေါင်းဆောင်ရွက်ခြင်းတွေအတွက် အလွန်ကျေးဇူးတင်မိပါတယ် 

တန်ဆောင်တိုင်ပွဲတော်ကြီးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ စီးပွားလာဒ်လာဘများ တိုးပွား ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။  မီးထွန်းပွဲတော်ရဲ့ အလင်းရောင်ဟာ ကျွန်မတို့ အားလုံးကို အတူတကွတိုးတက်အောင်မြင်စေမဲ့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေဆီ လမ်းပြပေး စေကြောင်းကိုလည်း မျှော်လင့်ဆုတောင်းပေးလိုက်ပါတယ်။ 

Back to top