We'd like to send you notifications of the latest posts and updates

ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဒေသများမှ ပြည်သူတစ်ဦးစီကို ကျပ်သိန်း ၁၀၀ တိတိဖြင့် တစ်ပတ်လျင်(၂)ဦး ကူညီပံ့ပိုးပေးသွားမည်...  Read more

Article

မြန်မာ့နှစ်သစ်ကူးအငွေ့အသက်များ လွှမ်းခြုံထားရင်း - အက်တမ် (ATOM) နဲ့အတူ ကျွန်တော့်ရဲ့ အတာသင်္ကြန်အမှတ်တရအတွေ့အကြုံများ

22 Apr,2024 - Yangon | 3 mins read

ရေးသူ - Mr. Muhammad Ziaullah Siddiqui၊ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်

အက်တမ်မြန်မာ (ATOM Myanmar) ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ယောက်အနေနဲ့ တာဝန်ယူလုပ်ကိုင်နေစဉ်ကာလ အတွင်းမှာ ထူးချွန်ထက်မြက်လှတဲ့ ဝန်ထမ်းတွေကို ဦးဆောင်ခွင့်ရရှိရုံသာမက ယဉ်ကျေးမှုတွေ ပေါကြွယ်ဝလွန်းလှတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ပြီး အလှအပတရားတွေကို ကြုံတွေ့ခံစားနိုင်ဖို့အခွင့်အရေးတွေပါ ရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ မြန်မာနိုင်ငံဆိုတာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ နေရာတစ်ခုဆိုတာထက်ကို ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ အိမ်နဲ့ဝေးနေတဲ့ ဒီအချိန်အတောအတွင်းမှာ အိမ်လိုမျိုး နွေးထွေးကြင်နာမှုတွေ ပေးနိုင်တဲ့နေရာတစ်ခုဆိုလည်းမမှားပါဘူးကျွန်တော့်အနေနဲ့ အက်တမ် (ATOM) နဲ့အတူ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလကို သုံးနှစ်တိုင်တိုင် အတူတကွဖြတ်သန်းခွင့်ရခဲ့တဲ့အတွက်လည်းအမြဲကြည်နူးဝမ်းသာဂုဏ်ယူရပါတယ်။ဒါ့ကြောင့်ဒီနှစ်သင်္ကြန်ကာလမှာဆိုရင် လည်း ကျွန်တော်တို့အနေနဲ့ ဘယ်လိုမျိုး အဓိပ္ပာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကြောင်းလေးကိုပြန်လည်မျှဝေပေးချင်ပါတယ်။

ကျွန်တော့်အတွက် ‘သင်္ကြန်’ ဆိုတာက?

သင်္ကြန်ရဲ့ ဓလေ့ရိုးရာတွေကို လေ့လာရင်းနဲ့သိရှိလိုက်ရတာကတော့ ကျွန်တော့်အတွက် ဒီသင်္ကြန်ပွဲတော်ကာလဆိုတာက အားလုံး စုစုစည်းစည်းပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ဧပြီလမှာ ပျံ့လွင့်လာတတ်တဲ့ သင်္ကြန်ကာလ ပျော်ရွှင်မှုအငွေ့အသက်တွေက ကူးစက်လွယ်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူတို့ရဲ့ ချစ်ရတဲ့မိသားစုတွေနဲ့အတူတူ သင်္ကြန်ကာလကို ပျော်ရွှင်စွာဆင်နွှဲဖို့ အသီးသီး ပြင်ဆင်နေကြတဲ့ပုံကို မြင်ရတာ တော်တော်လေးကို စိတ်လှုပ်ရှားပျော်ရွှင်ဖို့ကောင်းပါတယ်။ ဒီလိုအချိန်ကာလမှာ အားလုံး စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အအေး၊ မုန့်ပဲသရေစာတွေ ကျွေးမွေးဧည့်ခံကြပြီး လူကြီးသူမများကို ရိုသေလေးစားစွာ ဂရုစိုက်ကြတဲ့ အပြုအမူပုံရိပ်တွေကို မြင်ရတာ ကျွန်တော့်အနေနဲ့အလွန် ဝမ်းသာပီတိဖြစ်မိပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ ဓလေ့အပြုအမူတွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် သတိရသွားတာကတော့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့မှုတွေပေးအပ်ပြီး လိုအပ်သူတွေကို ကူညီစောင့်ရှောက်မှုတွေကို ပေးသွားဖို့ပါပဲ။ ကျွန်တော်တို့ လက်တွေ့မှာ ဘယ်လိုမျိုးတွေ ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြလဲဆိုတဲ့အကြောင်းကိုဂုဏ်ယူစွာနဲ့ ပြောပြပေးချင်ပါတယ်။

အက်တမ် (ATOM) ရဲ့ လူမှုအကျိုးပြုဆောင်ရွက်ချက်တွေနဲ့ သင်္ကြန်ကာလလှူဒါန်းမှုတွေ

သင်္ကြန်ကာလအတွင်းမှာ လူမှုအသိုင်းအဝိုင်းတွေကို ကူညီထောက်ပံ့ပေးဖို့အတွက်ရည်မှန်းပြီး ကလေးငယ် (၅၀၀) ကျော်ရဲ့ အစောပိုင်းပညာရေးကာလလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်း၊ ဘုရားကြီးကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းဖို့ မြန်မာငွေကျပ်သန်းပေါင်း (၁၅၀) ခန့်ကို လှူဒါန်းခဲ့ပါတယ်။  ယခုလှူဒါန်းမှုက အက်တမ် (ATOM) ရဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လုပ်ဆောင်နေလျက်ရှိတဲ့ တာဝန်သိ လူမှုအကျိုးပြု (Corporate Social Responsibility) အစီအစဉ်တစ်ခုဖြစ်တဲ့ 'လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး' ကဏ္ဍအောက်ရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ၊ ဧပြီလ (၃) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားမှာဆိုရင် ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ စေတနာ့ဝန်ထမ်းများက ဘုရားကြီးကျေးရွာမှာရှိတဲ့ ကလေးငယ်တွေနဲ့အတူတူ ဂိမ်းကစားပြီး နေ့လည်စာများ ကျွေးမွေးခဲ့တဲ့အပြင် ကလေးငယ်များအတွက် ကျောင်းသုံးလွယ်အိတ်တွေ၊ ဘောပင်များ၊ ရောင်စုံဖယောင်းတွေ၊ ဆေးရောင်ခြယ်စာအုပ်တွေ ပေးအပ်ခဲ့တာကြောင့် ကလေးငယ်တွေ ပျော်ရွှင်ခဲ့ကြပါတယ်။

     

ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဝန်ဆောင်မှုတွေပေးအပ်ပြီး လုပ်ငန်းလည်ပတ်နေလျက်ရှိတဲ့ ဒီလူမှုအသိုင်းအဝိုင်းအပေါ်မှာ အစဉ်အမြဲတက်တက်ကြွကြွနဲ့ ကူညီပံ့ပိုးပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေပေးအပ်ရင်း 'မျှဝေခံစား အက်တမ်၏နှလုံးသား' ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်နဲ့ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ဆက်လက်ပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရေရှည်ခိုင်မာတဲ့ ကြိုးစားအားထုတ်မှုတွေကနေတစ်ဆင့် နိုင်ငံတဝှမ်းမှာရှိတဲ့ လူပေါင်းများစွာရဲ့ ဘဝပေါင်းများစွာကို ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ တာဝန်သိ လူမှုအကျိုးပြု အဖွဲ့အစည်းတစ်ခု ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားဦးမှာပါ။

အက်တမ် (ATOM) မှာ အတာသင်္ကြန် ကျင်းပခြင်း

မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုအလေးထားပြီး လုပ်ငန်းလည်ပတ်နေတဲ့  ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ဟာ ဝန်ထမ်းတွေနဲ့အတူ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကဲ့သို့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေအပြင် မတူညီတဲ့ ရိုးရာဓလေ့များအတွက် တန်ဖိုးထားကျင်းပတာလဲဖြစ်သလို ကျွန်တော်တို့အဖွဲ့အစည်းအတွင်းမှာ စည်းလုံးညီညွတ်ပြီးရင်းနှီးမှုပိုမိုခိုင်မာစေရန်အတွက်လည်း ရည်ရွယ်ပြီးကျင်းပပေးနေတာဖြစ်ပါတယ်။   ဒီနှစ်သင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့သုံးလတစ်ကြိမ်ကျင်းပလေ့ရှိတဲ့ Townhall အခမ်းအနားမှာ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ သင်္ကြန်ပွဲကိုအဓိပ္ပါယ်ရှိရှိဆင်နွှဲခဲ့ကြပါတယ်။ သင်္ကြန်တွင်းမှာ စားကြတဲ့ မြန်မာရိုးရာ အချိုပွဲအစားအစာတစ်ခုဖြစ်တဲ့ ရွှေရင်အေးရဲ့ လန်းဆန်းချိုမြိန်မှုလေးလိုမျိုး အက်တမ် (ATOM) ရဲ့ အောင်မြင်မှုက မတူညီတဲ့ပါဝင်ပစ္စည်းတွေကို  အချိုးညီညီ သေချာစွာ အရသာကောင်းမွန်အောင် ပေါင်းစပ်ထားမှုပေါ်မှာ မူတည်နေပါတယ်။ သာကူစေ့လေးတွေကို ဝါးလိုက်တဲ့အချိန်မှာ အုန်းနို့ရဲ့ အချိုအရသာလေးနဲ့ ပေါင်းစပ်လိုက်သလိုမျိုး ပါဝင်ပစ္စည်းတစ်ခုချင်းစီက နောက်ဆုံးမှာတော့ ပြည့်စုံကောင်းမွန်တဲ့ လူတိုင်းရဲ့ အသည်းစွဲအချိုပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ အက်တမ် (ATOM) မှာဆိုရင်လည်း ATOMESE တစ်ယောက်ချင်းစီရဲ့ အဖိုးတန် မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ အောင်မြင်မှုပန်းတိုင်တွေကို အခုလိုမျိုး ဆွတ်ခူးရရှိနိုင်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ အချင်းချင်း ရေပက်လိုက်ကြ၊ နှစ်သစ်ဆုမွန်ကောင်းတွေ အချင်းချင်းပြောပေးကြ၊ အရသာရှိတဲ့ သင်္ကြန်မုန့်တွေစားလိုက်ကြနဲ့ အားလုံး အတူဆင်နွှဲခဲ့ကြပါတယ်။ ဒီအခိုက်အတန့်လေးကတော့ ကျွန်တော် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ကာလပတ်လုံးမှာ အမြတ်နိုးဆုံး အမှတ်ရစရာတွေထဲက တစ်ခုဖြစ်နေတော့မှာ အသေအချာပါပဲ။

     

     

ရှေ့ဆက်လျှောက်ရမယ့် နှစ်သစ်ခရီးလမ်းကို လှမ်းမျှော်ကြည့်လိုက်တဲ့အခါ

ကျွန်တော်တို့တွေ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖို့ဆိုတာက အက်တမ် (ATOM) ကချမှတ်ထားတဲ့ ကတိကဝတ်တွေထဲက တစ်ခုဖြစ်ပြီး ဒီကတိကဝတ်နဲ့အညီ ကျွန်တော်တို့က ပြည်တွင်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ တစ်သားဖြစ်အောင် ပူးပေါင်းပြီး ရိုးရာဓလေ့ယဉ်ကျေးမှုပွဲတော်တွေကျင်းပဆင်နွှဲနိုင်အောင် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေယူဆောင်လာနိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်။ လာမယ့်နှစ်သစ်မှာ အကောင်းဆုံး ကွန်ယက်၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေနဲ့ အခြားသောအရာတွေနဲ့အတူ မြန်မာပြည်သူပြည်သားများနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် အကောင်းဆုံး ဆက်လက်စွမ်းဆောင်သွားဖို့ကိုလည်း ကတိကဝတ်ပြုပါတယ်။

ဘေးကင်းလုံခြုံပြီးပျော်ရွင်စရာကောင်းတဲ့ မြန်မာ့နှစ်ကူးအတာသင်္ကြန်အချိန်အခါသမယကောင်းလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ဗျာ။ မြန်မာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ!

- ပြီး -

Back to top