We'd like to send you notifications of the latest posts and updates
Article
03 Dec,2022 - Yangon | 2 mins read
ရေးသူ - ကိုမျိုးမင်းထက်၊ ATOM ၏ လုပ်ငန်းရေရှည်တည်တံ့နိုင်ရေးဆိုင်ရာ အရာရှိ
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ (၄.၆) ရာခိုင်နှုန်းက မသန်စွမ်းသူများဖြစ်ပြီး ဒီလူဦးရေအင်အားက အသုံးမပြုရသေးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ အရည်အချင်းတွေနဲ့ ပြည့်ဝနေတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ ဒီအချက်က ယနေ့ခေတ်လို အပြိုင်အဆိုင်များလွန်းလှတဲ့ အလုပ်သမားစျေးကွက်မှာ အရေးကြီးလာပြီဖြစ်ပါတယ်။ မသန်စွမ်းလုပ်သားတွေကို ဆွဲဆောင်ပြီး လုပ်ငန်းခွင်တွေမှာ ခန့်ထားနိုင်ဖို့အတွက် လုပ်ငန်းခွင်ပါဝင်နိုင်ခွင့်ဗျူဟာတစ်ရပ်ကို ဖန်တီးရေးအတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
နှစ်စဥ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းလုံးအသိအမှတ်ပြုကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အနေနဲ့ ကျွန်တော်မျှဝေချင်တာကတော့ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ရပ်က မသန်စွမ်းဝန်ထမ်းတွေအတွက် သင်ယူလေ့လာပြီး ဖွံ့ဖြိုးတိုးတက်အောင် ကိုယ့်ကိုကိုယ် မြှင့်တင်ရေး၊ ညီညွတ်မျှတတဲ့ လုပ်ခလစာရရှိရေး နဲ့ လုပ်ငန်းခွင်အောင်မြင်ရေးတို့နဲ့ ပတ်သက်ပြီး အများနည်းတူ အခွင့်အရေးတစ်ရပ်ကို ဘယ်လို ဖန်တီးပေးနိုင်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

အသုံးမပြုရသေးသော အလားအလာကောင်းများ
ကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့ အရင်းအမြစ်တွေကိုသာ ပေးထားမယ်ဆိုရင် မသန်စွမ်း လုပ်သားတွေဟာလည်း တစ်ခြားသောဝန်ထမ်းများနည်းတူ လုပ်ငန်းစွမ်းဆောင်ရည်ရှိသူများ ဖြစ်ကြပါတယ်။ တီထွင်ကြံဆနိုင်ခြင်း၊ ဖန်တီပုံဖော်ခြင်းနဲ့ မတူညီတဲ့အတွေးအမြင်တွေ တွေးခေါ်နိုင်ဖို့လမ်းဖွင့်ပေးခြင်းတွေက မသန်စွမ်းလုပ်သားတွေအနေနဲ့ သူတို့လိုအခြေအနေတူမှာ ရှိနေတဲ့ သုံးစွဲသူတွေကို ခံစားနားလည်ပြီး သူတို့အတွက်လည်း တွေးပေးလာနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအရာတွေကပဲ ကုမ္ပဏီတွေကို သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်ဖို့ လမ်းဖွင့်ပေးပါတယ်။ ဒါ့အပြင် မသန်စွမ်း၀န်ထမ်းတွေကို အလုပ်ကိုင်အခွင့်အလမ်းတွေပေးခြင်းက လူမှုအသိုက်အဝန်းကို အကျိုးပြုမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ ကတိကဝတ် အလေးထားဖော်ဆောင်ရာရောက်သလို ကုမ္ပဏီအနေနဲ့ ပူးပေါင်းပါဝင် အလုပ်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ရပ်ကို ဖန်တီးပေးတဲ့အပိုင်းတွေမှာလည်း သက်ရောက်မှု ရှိနေတာကိုတွေ့ရပါတယ်။
လုပ်ငန်းခွင်တွင် မသန်စွမ်းသူများ ပါဝင်မှု
မသန်စွမ်းသူများအားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက် ကုန်ပစ္စည်းတွေ၊ ပတ်ဝန်းကျင်၊ ဆက်သွယ်ရေး၊ လုပ်ငန်းလည်ပတ်မှုစနစ်တွေနဲ့ ဖန်တီးထားတဲ့ ဝန်ဆောင်မှုတွေက လူတိုင်းရဲ့ အသက်၊ အရွယ်အစား၊ သန်စွမ်းမှု၊ မသန်စွမ်းမှုနဲ့ ကိုက်ညီမှုရှိပြီး အဆင်ပြေပြေ ဝင်ရောက်လုပ်ကိုင်နိုင်တာ သေချာအောင် လုပ်ငန်းရှင်တွေအနေနဲ့ အရင်ဆုံး စစ်ဆေးဖို့လိုပါတယ်။
အဖွဲ့အစည်းများအနေနဲ့ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် လမ်းလျှော၊ အမြင်အာရုံချို့တဲ့သူများအတွက် မျက်မမြင်စာပါဝင်တဲ့ တံခါးလက်ကိုင်တွေ အစရှိတဲ့ မသန်စွမ်းအမျိုးအစားအမျိုးမျိုးအတွက် လွယ်ကူပြီး အတားအဆီးကင်းစင်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ ထည့်သွင့်စဉ်းစားသင့်ပါတယ်။ အမြင့်ချိန်ညှိနိုင်တဲ့ စားပွဲခုံတွေနဲ့ စခရင်မှ စာဖတ်ပေးသော ဆော့ဖဲဝဲလိုမျိုး ရုံးသုံးပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးသင့်ပါတယ်။
တခြားဝန်ထမ်းတွေလို မသန်စွမ်းတွေအနေနဲ့ လွယ်ကူအဆင်ပြေစွာ အလုပ်လုပ်ပြီး အဖွဲ့အစည်းကိုထောက်ပံ့နိုင်ဖို့ ပူးပေါင်းပါဝင်နိုင်တဲ့လုပ်ငန်းခွင်နဲ့ မှန်ကန်တဲ့ပံ့ပိုးကူညီမှုတွေကို လိုအပ်ပါတယ်။ ATOM မှာဆိုရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့အတွက် မသန်စွမ်းသူများအပါအဝင် ဝန်ထမ်းများအားလုံးကို တူညီတဲ့အခွင့်အလမ်းတွေနဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မသန်စွမ်းဆိုင်ရာအသိပညာများကို မျှဝေနိုင်ပါတယ်။
အလုပ်စွမ်းဆောင်ရည်အကဲဖြတ်ခြင်း
အလုပ်ရှင်တွေအနေနဲ့ မသန်စွမ်းတွေကို သူတို့ရဲ့ လုပ်နိုင်စွမ်းအား၊ ထူးခြားတဲ့လက္ခဏာ၊ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမယ့်ရာထူးတွေမှာ အလုပ်ခန့်အပ်ထားသင့်ပါတယ်။ ဉပမာအနေနဲ့ မကြာခဏလှုပ်ရှားဖို့မလိုတဲ့တာဝန်တွေဆို လှုပ်ရှားနိုင်မှု သို့မဟုတ် အမြင်အာရုံ မသန်စွမ်းတဲ့သူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ဉာဏ်ရည်မသန်စွမ်းတဲ့သူများကိုလည်း ဆုံးဖြတ်စရာချစရာမလိုဘဲ ရိုးရှင်းတဲ့တာဝန်တွေမှာ ခန့်အပ်ထားလို့ရပါတယ်။
အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ သူတို့လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ - ဉပမာ သူတို့အတွက် လိုအပ်တဲ့အထောက်အကူပစ္စည်းတွေ၊ လိုက်လျောညီထွေ ဖြစ်မယ့် အလုပ်ချိန်နဲ့ သူတို့ရဲ့ စွမ်းရည်ကို တိုးတက်အောင် ပျိုးထောင်ပေးဖို့အတွက် လေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေနဲ့ မပြတ်ထိတွေ့ ဆွေးနွေးသင့်ပါတယ်။
နောက်ဆုံးစကားချပ်
ATOM ရဲ့ လုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေးဌာနမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းများအတွက်လည်း လူ့အဖွဲ့အစည်းကို တက်စွမ်းသမျှ ထောက်ပံ့နိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မယ်လို့ မျှော်လင့်မိ ပါတယ်။ မသန်စွမ်းသူများမှာလည်း စီးပွားရေးဆိုင်ရာလုံခြုံမှုရရှိနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။
နိုင်ငံတော်တော်များများမှာ အစိုးရတွေက အရည်အချင်းအလိုက် စိစစ်ရွေးချယ်ရေးဗျူဟာတစ်ခုအနေနဲ့ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးအတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကို ငွေကြေးအပါအဝင် ကူညီထောက်ပံ့မှုများ အားပေးအားမြှောက်ပြုနေတာတွေရှိပါတယ်။ ဒါမျိုး အလားတူ ဥပဒေနဲ့မူဝါဒတွေကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။
Back to top
Share