We'd like to send you notifications of the latest posts and updates
Press Release
31 Oct,2025 - Yangon | 4 mins read
ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် KBZMS General Insurance Company Limited တို့သည် မဟာဗျူဟာကျ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ATOM Store App မှတစ်ဆင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများအား ဂုဏ်ယူစွာဖြင့် တရားဝင် မိတ်ဆက်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) ၏ ခေတ်မီဆန်းသစ်သော ကွန်ရက်စွမ်းရည်များ နှင့် KBZMS ၏ အာမခံလုပ်ငန်းကျွမ်းကျင်မှုတို့အား သေချာစွာ ပေါင်းစပ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် အာမခံအကာအကွယ် ဝန်ဆောင်မှုများ ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အက်တမ်(ATOM) နှင့် KBZMS တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လူနေမှုဘဝ အရည်အသွေးများ မြှင့်တင်ပေးရန် နှင့် အားလုံးပါဝင်လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ပိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေကြောင်း သက်သေ ပြုလိုက်ခြင်း ဖြစ်ပါသည်။
ယခုမိတ်ဆက်မှုတွင် ခရီးသွားအာမခံ (KBZMS Travel Protect) နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (KBZMS Personal Accident Insurance) ဝန်ဆောင်မှုနှစ်မျိုးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် ATOM Store App မှတစ်ဆင့် ရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။ ပူးတွဲထုတ်လုပ်သွားမည့် ဒစ်ဂျစ်တယ်အာမခံဝန်ဆောင်မှုများမှာလည်း လက်ရှိတွင် အကောင်အထည်ဖော်ဆောင်လျက်ရှိနေပြီး အက်တမ်(ATOM) နှင့် KBZMS တို့ ပူးပေါင်း ဆောင်ရွက်မှု၏ နောက်တစ်ဆင့်အနေဖြင့် မကြာမီ မိတ်ဆက်သွားမည် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် အာမခံဝန်ဆောင်မှုများအတွက် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းတစ်ခုထဲဖြင့် အဆင်ပြေထိရောက်ချောမွေ့စွာ ဝယ်ယူခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လျော်ကြေး တောင်းခံခြင်းများအား နေရာမရွေး၊ အချိန်မရွေး ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
"အက်တမ်(ATOM) အနေနဲ့ နိုင်ငံရဲ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးတို့အတွက် အမြဲမပြတ် ကြိုးပမ်းလျက်ရှိရာမှာ KBZMS နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် ကျွန်တော်တို့ရဲ့ ပုံမှန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်းထက်ကျော်လွန်ပြီး အမှန်တကယ် အားပေးမြှင့်တင်မှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။ မရှိမဖြစ်လိုအပ်တဲ့ အာမခံထုတ်ကုန်တွေကို လူမှုအသိုင်းအဝိုင်းထံသို့ အလွယ်တကူ ရောက်ရှိနိုင်အောင် ၄င်းတို့ကြုံတွေ့နေရတဲ့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲ အတားအဆီးတွေကို ကျော်လွန်နိုင်ပြီး လုံခြုံမှုတွေရှိလာစေဖို့ တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ATOM Store App သုံးစွဲသူတွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဆန်းသစ်တီထွင်မှု၊ အားလုံးပါဝင်နိုင်မှု နဲ့ သုံးစွဲသူများရဲ့ အနာဂတ် ကောင်းကျိုးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရိုးရှင်းလုံခြုံစွာနဲ့ ချက်ချင်းရယူနိုင်စေရေးတို့မှာ ကျွန်တော်တို့ထားရှိတဲ့ ကတိကဝတ်ကို တွေ့မြင်နိုင်ပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။
ထို့အပြင် ATOM Store App မှ တစ်ဆင့် အဆိုပါ အာမခံအကာအကွယ်များ ဝယ်ယူသည့် အက်တမ်(ATOM) သုံးစွဲသူများအနေဖြင့် ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ် အထိ ကျင်းပသွားမည့် အထူးကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင်များအနေဖြင့် KBZMS ၏ မေတ္တာလက်ဆောင်မွန်အဖြစ် (၆) လ အကာအကွယ်ရှိသော အာမခံထားငွေ ငွေကျပ် သိန်း(၅၀) တန်ဖိုးရှိ ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ (Personal Accident Insurance Policy) အား ရရှိကြမည်လည်းဖြစ်ပါသည်။
KBZMS General Insurance ၏ အမှုဆောင်အရာရှိချုပ် ဦးလူမွန်အောင် ကလည်း "အခုမိတ်ဆက်ပွဲက မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဆက်သွယ်ရေးကုမ္ပဏီနဲ့ အာမခံဝန်ဆောင်မှုကုမ္ပဏီတို့ကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အားလုံးပါဝင် အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ KBZMS ရဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံလုပ်ငန်းကျွမ်းကျင်မှုတွေကို အက်တမ်(ATOM)ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံထားတဲ့ ခိုင်မာတဲ့ ဆက်သွယ်ရေးကွန်ရက်ပေါ်မှာ လာရောက်ပေါင်းစပ်လိုက်ပြီးတော့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ရရှိနိုင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ အက်တမ်(ATOM) နဲ့ အခုလို ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ခြင်းနဲ့ ကျွန်တော်တို့တွေ ဝန်ဆောင်မှု ပေးနေတဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု တွေ ပူးတွဲဖန်တီးဖို့ ရေရှည်လမ်းစဉ် ချမှတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။
အက်တမ်(ATOM) နှင့် KBZMS တို့မှ အာမခံဝန်ဆောင်မှုများအား ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဒစ်ဂျစ်တယ် ပလက်ဖောင်း ATOM Store App တစ်ခုတည်းမှတစ်ဆင့် မရှိမဖြစ်လိုအပ်သော အာမခံအကာအကွယ်များအား သုံးစွဲသူများ၏ လက်တစ်ကမ်းတွင် ရယူ အသုံးပြုနိုင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းအားထုတ်မှုသည် ဝန်ဆောင်မှုများအား အဆင်ပြေချောမွေ့မှု ရှိလာစေရုံသာမက နေ့စဉ်လူမှုဘဝတွင် ငွေကြေးဆိုင်ရာ အသိပညာများနှင့် ငွေကြေးပိုင်းအရ ခိုင်မာမှုရှိစေရန်အတွက် မြှင့်တင်လုပ်ဆောင်ပေးနေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံအနှံ့ မြို့နယ် (၃၀၀) ကျော်အထိ ကွန်ရက်လွှမ်းခြုံထားသော အက်တမ်(ATOM) သည် ATOM Store App တွင် အဆိုပါဒစ်ဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းအားဖြင့် အာမခံကာကွယ်မှုများ အား သုံးစွဲသူတိုင်းအတွက် ပိုမိုရင်းနှီးကျွမ်းဝင်စေခဲ့ပါသည်။ ဤလုပ်ဆောင်ချက်သည် အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခု ဖော်ဆောင်မှုအား ချဲ့ထွင်ပေးရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေမည်လည်း ဖြစ်ပါသည်။ အက်တမ်(ATOM) နှင့် KBZMS တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများအားချိတ်ဆက်ပေးရင်း၊ လူနေမှုဘဝများ တိုးတက်ပြီး လူမှုအဖွဲ့အစည်းများ ခိုင်မာလာစေနိုင်ရန် ပိုမိုကောင်းမွန်သော မြန်မာ့ဒစ်ဂျစ်တယ် အနာဂတ် ဖြစ်ထွန်းလာစေရေးဆိုသည့် အက်တမ်(ATOM) ၏ ရည်မှန်းချက်ကို ပိုမိုအားကောင်းလာစေပါသည်။
-ပြီး-
အက်တမ်အကြောင်း
အက်တမ်(ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ်(ATOM) သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။
အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
KBZMS အထွေထွေအာမခံ အကြောင်း
IKBZ Insurance Co. Ltd. အမည်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက အာမခံလုပ်ငန်းအဖြစ် ဇွန်လ၊ ၂၀၁၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သော KBZMS General Insurance Co Ltd သည် ဂျပန်နိုင်ငံ၏ အာမခံလုပ်ငန်းကြီး MSI နှင့် ပူးပေါင်းလုပ်ကိုင်ပြီးနောက် နိုဝင်ဘာလ၊ ၂၀၁၉ ခုနှစ် တွင် လက်ရှိအမည်သစ်ကို ခံယူခဲ့သည်။ KBZMS သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ မြင်းခြံ၊ တာချီလိတ်နှင့် ဟင်္သာတ အပါအဝင် မြို့ကြီး ၂၀ တွင် ရုံးခွဲ ၂၄ ခု ဖွင့်လှစ်ထားရှိပါသည်။ ၎င်း၏ ထုတ်ကုန်များသည် မော်တော်ယာဉ်အာမခံ၊ ရေကြောင်းအာမခံ၊ မီးအာမခံနှင့် ကျန်းမာရေးအာမခံ စသည်ဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအတွက် လိုအပ်သည့် အထွေထွေအာမခံ လိုအပ်ချက်အားလုံးကို လွှမ်းခြုံထားသည့် အပြင် လုပ်ငန်းသုံးဆိုင်ရာ အာမခံများဖြစ်သည့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ (Industrial All Risk)၊ ကန်ထရိုက်တာအလုံးစုံအန္တရာယ်/တည်ဆောက်တပ်ဆင်မှုအလုံးစုံအန္တရာယ်အာမခံ (Contractors’ All Risk/ Erection All Risk) နှင့် ဂိုဒေါင်အပ်ပစ္စည်းများအတွက် တာဝန်ယူမှုအာမခံ (Bailee’s Liability Insurance) ထုတ်ကုန်များလည်း ပါဝင်ပါသည်။ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံး အထွေထွေအာမခံကုမ္ပဏီအဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရသော KBZMS သည် လူတိုင်းအတွက် အာမခံဖြေရှင်းချက်များကို ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန် ကတိကဝတ်ပြုထားသည်။
အသေးစိတ်သိရှိလိုပါက www.kbzms.com သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
For media enquiries, please contact: communications@aml.mobi.
Back to top
Share