We'd like to send you notifications of the latest posts and updates
Press Release
17 Feb,2023 - Yangon | 4 mins read
ရန်ကုန်မြို့၊ မြန်မာ၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ - အက်တမ် (ATOM) ၏ “ပညာရေး နှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း” လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အဓိကလိုအပ်နေသော ကျောင်း (၄) ကျောင်းသို့ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Labs) ကို မတည်လှူဒါန်းသွားမည်ဖြစ်ကြောင်း အက်တမ် (ATOM) က ယနေ့ကြေညာခဲ့သည်။ စုစုပေါင်း မြန်မာငွေ (၅၈,၃၁၉,၂၀၀) ကျပ် တန်ဖိုးရှိသော ယခုလှူဒါန်းမှုတွင် စွမ်းဆောင်ရည်မြင့်မားသော လက်ပ်တော့ပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အများသုံးအင်တာနက်စက်များနှင့် အခြား နည်းပညာသုံးပစ္စည်းများ ပါဝင်မည်ဖြစ်သည်။
ကျောင်း (၄) ကျောင်း၏ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းများ (ICT Labs) သည် ကျောင်းသူကျောင်းသား စုစုပေါင်း (၅,၈၀၀) ကျော်အား ကွန်ပျူတာစနစ်နှင့် နည်းပညာပစ္စည်းများကို အသုံးပြု၍ နည်းပညာများကို လက်လှမ်းမှီစွာ လေ့လာသင်ယူနိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ်မြောက်မှု၊ ပြဿနာများ ဖြေရှင်းနိုင်မှုနှင့် ဝေဖန်တွေးခေါ်နိုင်မှု စွမ်းရည်များ တိုးတက်လာနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ အဆိုပါစွမ်းရည်များ ရရှိလာသည့်အပြင် လေ့လာသင်ယူမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် အွန်လိုင်းနည်းပညာကိရိယာများကို အသုံးပြုနိုင်ခြင်းကြောင့် ကျောင်းသူကျောင်းသားများ အနေဖြင့် အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့တွင် ပိုမိုကောင်းမွန်သော အခွင့်အရေးနှင့် အလားအလာကောင်းများကို ရရှိပိုင်ဆိုင်လာနိုင်မည် ဖြစ်ပါသည်။
အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တည်ရှိသော ကျောင်းသူကျောင်း သားပေါင်း (၁,၁၀၀) ကျော် ရှိသည့် သဒ္ဓမ္မဇောတိကာရုံဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်း တွင် ပထမဆုံး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း (ICT Lab) အား ယနေ့ စတင်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းရန် ကျန်ရှိသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်း သုံးခုကိုလည်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျာမင်း ပရဟိတစာသင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ သောကြာကြယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နေပြည်တော်မြို့၊ လယ်ဝေး မြို့နယ်ရှိ စမတောင်မိဘမဲ့ကလေးဂေဟာကျောင်းများတွင် လာမည့် ခြောက်လအတွင်း အသီးသီး ထပ်မံ မတည်လှူဒါန်းသွားမည်ဖြစ်သည်။
အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဝင်းပိုင်ကျော်က “ရွေးချယ်ထားတဲ့ ကျောင်း (၄) ကျောင်းအတွက် သူတို့ရဲ့ ကျောင်းသူကျောင်းသားတွေကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းတွေ ပို့ချတဲ့နေရာမှာ ကျွန်တော်တို့ အက်တမ် (ATOM) က တစ်တပ်တစ်အား ပါဝင်ထောက်ပံ့ပေးရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက် နည်းပညာသုံး ပစ္စည်းတွေပါဝင်တဲ့ စာသင်ခန်းတွေ မတည်လှူဒါန်းခြင်းက ပညာရေးကဏ္ဍ တိုးတက်စေရန်ဆိုတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ ထောက်ပံ့မှုတွေလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်စေဖို့ နည်းပညာဆိုင်ရာ ပညာရေးပိုင်းကို မြှင့်တင်ပေးပြီး အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။
“နည်းပညာက ကျွန်တော်တို့ရဲ့ နေထိုင်ပုံနဲ့ အလုပ်လုပ်ပုံတို့ကို ပြောင်းလဲပေးလာတာနဲ့အမျှ သတင်းအချက်အလက်နဲ့ နည်းပညာသုံးပစ္စည်းတွေပါဝင်တဲ့ စာသင်ခန်း (ICT Labs) တွေက ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဒစ်ဂျစ်တယ်ကွာခြားမှု မရှိအောင် ကူညီပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ နည်းပညာတတ်ကျွမ်းမှုက တဖြည်းဖြည်းနဲ့ အရေးပါလာတာကြောင့် ကျောင်းသားတွေအနေနဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားသင့်တယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ထင်မြင်မိပါတယ်။ နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်ထားခြင်းက ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အလားအလာတွေ၊ သတင်းအချက်အလက်နဲ့ အရင်းအမြစ်တွေကို လွယ်ကူစွာ ရှာဖွေနိုင်တာတွေနဲ့ ဘဝရဲ့ ရှုပ်ထွေးတဲ့ အခက်အခဲအားလုံးကို ဖြေရှင်းနိုင်တဲ့စွမ်းရည် အစရှိတဲ့ အခွင့်အလမ်းပေါင်းများစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။” ဟု ဦးဝင်းပိုင်ကျော်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။
အက်တမ် (ATOM) က သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများပါဝင်သည့် စာသင်ခန်းများ လှူဒါန်းရန်အတွက် ကျောင်း (၇) ကျောင်း၏ ပကတိအခြေအနေများကို လေ့လာစစ်ဆေးခဲ့ပါသည်။ လိုအပ်သည့် အခြေခံအကဲဖြတ်မှုစံနှုန်းများတွင် ကျောင်း၏ တည်နေရာများကို စစ်တမ်းကောက်ယူခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ သင်ကြားနိုင်သည့် ကျောင်းသူကျောင်းသားများ၏ အသက်အရွယ်နှင့် သင့်လျော်မှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်းများ ပေးအပ်မည့် ကျောင်း၏ သမိုင်းကြောင်းနှင့် အနာဂတ်တွင် ကျောင်းသူကျောင်းသားများအား သင်တန်းများပေးရန်အတွက် ချမှတ်ထားသည့် ကျောင်း၏ ကတိကဝတ်များ အစရှိသည့် အချက်များ ပါဝင်ပါသည်။ ထို့အပြင် ကျောင်းများတွင် ဘုန်းတော်ကြီးကျောင်း သို့မဟုတ် လူမှုဖူလုံရေးမှတ်ပုံတင်ထားခြင်း ရှိမရှိ စသည့် စည်းမျဥ်းစည်းကမ်းဆိုင်ရာ အချက်များကိုလည်း ထည့်သွင်းစစ်ဆေးခဲ့ပါသည်။
ထို့ကဲ့သို့ အဆင့်ဆင့် စစ်ဆေးအကဲဖြတ်ပြီးနောက်တွင် အသင့်တော်ဆုံး ကျောင်း (၄) ကျောင်းအား အက်တမ် (ATOM) မှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများအား မတည်လှူဒါန်းသွားမည့် ကျောင်းများအဖြစ် ရွေးချယ်ခဲ့ပါသည်။ အဆိုပါ စာသင်ခန်းတိုင်းတွင် လက်ပ်တော့ (၁၀) လုံးနှင့် ကွန်ပျူတာသုံး mouse (၁၀) လုံး၊ ကွန်ပျူတာသုံး ပုံနှိပ်စက်နှင့် မိတ္တူစက် (၁) လုံး၊ လျှပ်စစ်ဗို့အားထိန်းစက် (၁) လုံးနှင့် ငွေပေးချေပြီး အင်တာနက်အသုံးပြုနိုင်သော ATOM အများသုံး ကြိုးမဲ့ အင်တာနက်စက် (၂) လုံးတို့ ပါဝင်သွားမည်ဖြစ်သည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများအား တပ်ဆင်တည်ဆောက်ခြင်းအား စေတနာ့ဝန်ထမ်းများအဖြစ် ကူညီပေးသွားမည့် အက်တမ် (ATOM) ဝန်ထမ်းများမှ တာဝန်ယူ လုပ်ကိုင်သွားမည်ဖြစ်သည်။ အယောက် (၂၀) ခန့်ရှိသော အက်တမ် (ATOM) ၏ စေတနာ့ဝန်ထမ်းများသည် တစ်ကျောင်းစီသို့ သွားရောက်လည်ပတ်၍ ကျောင်းသူကျောင်းသားများအတွက် အသိပညာ ဗဟုသုတ မျှဝေခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်များတွင် အခြေခံ ကွန်ပျူတာအသုံးပြုနည်းများ၊ Microsoft အက်ပလီကေးရှင်းများ အသုံးပြုပုံများ၊ အွန်လိုင်းအချက်အလက် ရှာဖွေခြင်းနှင့် အီးမေးလ်အသုံးပြုပုံများ၊ အွန်လိုင်းပေါ်တွင် လုံခြုံစွာ နေထိုင်အသုံးပြုရန် နည်းလမ်းများနှင့် အွန်လိုင်းပေါ်တွင် အလုပ်အကိုင်ရှာဖွေခြင်း နည်းလမ်းများ အစရှိသည်တို့ကို မျှဝေပေးသွားမည်ဖြစ်သည်။
“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်ထားခဲ့ရတဲ့ သတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ ပက်သက်တဲ့ သင်တန်းတွေကို အက်တမ် (ATOM) ရဲ့ အခုလို လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ လှူဒါန်းမှုကြောင့် ပြန်လည်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုကြောင့် အခုလက်ရှိကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ နောက်အနာဂတ်မှာ လာရောက်သင်ကြားမယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ ကွန်ပျူတာအထောက်အကူပြု သင်ကြားရေးကိရိယာတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနိုင်တော့မှာဖြစ်တဲ့အတွက် ဘုန်းကြီးတို့အနေနဲ့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။” ဟု ကျောင်းအုပ်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဣန္ဒက က မိန့်ကြားခဲ့ပါသည်။
- ပြီး -
အက်တမ် (ATOM) ၏ လှူဒါန်းမှုများ အကျဉ်းချုပ် - “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး”
စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်: စာသင်ကျောင်းများတွင် ပိုမိုကောင်းမွန်သော ပညာရေးနှင့် နေထိုင်မှုပတ်ဝန်းကျင်များ ဖန်တီးပေးနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် ဩဂုတ်လ မှ ၂၀၂၃ နှစ်ကုန်အထိ မြန်မာငွေကျပ် သန်းပေါင်း (၁,၀၀၀) ကို စီစဉ်လျာထားခဲ့ပါသည်။ ပြီးမြောက်သွားသော လှူဒါန်းမှုများတွင် -
သတင်းအချက်အလက်နှင့် နည်းပညာသုံးပစ္စည်းများ ပါဝင်သော စာသင်ခန်းများ (ICT Labs) လှူဒါန်းခြင်း - ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း မြန်မာကျပ်ငွေ (၅၈,၃၁၉,၂၀၀) တန်ဖိုးရှိ သတင်းအချက်အလက်နှင့် နည်းပညာသုံးပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများကို သတ်မှတ်ထားသော ကျောင်း (၄) ကျောင်းတွင် ခွဲဝေပေးခဲ့ပါသည်။ အောက်ဖော်ပြပါ ကျောင်းများတွင် သတင်းအချက်အလက်နှင့် နည်းပညာသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm ၊ atom@chilli.agency
Back to top
Share