We'd like to send you notifications of the latest posts and updates

Article

အက်တမ် (ATOM) မှ လူငယ်လူရွယ်များ၏ ဘဝအသက်မွေးဝမ်းကြောင်းခရီးလမ်း တိုးတက်စေရန် ထောက်ပံ့ပေးနေသည့် Talent Accelerator Programme အစီအစဉ်

24 Jul,2024 - Yangon | 1 mins read

စာရေးသူ - ဒေါ်အေးမြသန္တာ ၊ အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဒုတိယ အမှုဆောင်အရာရှိချုပ်

ဘွဲ့ရပြီးခါစ ‌လူငယ်တွေအနေနဲ့ ရွေးချယ်ထားတဲ့လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ဘွဲတွေ ရထားပေမယ့် တကယ်တမ်း လုပ်ငန်းခွင်ထဲစရောက်တဲ့အချိန်မှာတော့ မိမိရဲ့ စွမ်းဆောင်ရည်တွေ၊ အရည်အချင်းတွေ ဒါမှမဟုတ် ဗဟုသုတပိုင်းတို့မှာ လိုအပ်ချက်တွေ အားနည်းချက်တွေရှိနေတတ်တာကို ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍလိုမျိုး အမြဲအစဉ်မပြတ် တိုးတက်ပြောင်းလဲနေတဲ့နယ်ပယ်မျိုးမှာ တိုးတက်အောင်မြင်ဖို့ အရှိန်အဟုန်ပြင်းပြင်းနဲ့ကြိုးစားနေတဲ့ လူငယ်လူရွယ်တွေအတွက် လမ်းပျောက်စေပြီး အခက်တွေ့ရပါတယ်။

အက်တမ် (ATOM) မှာတော့ အခုလိုမျိုး ဒစ်ဂျစ်တယ်ကွာဟမှုတွေကို ပေါင်းကူးပေးဖို့နဲ့ မျိုးဆက်သစ်လူငယ်လူရွယ်တွေကို ခွန်အားတွေပေးဖို့အတွက် အမြဲတမ်း တီထွင်ဆန်းသစ်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်ကတော့ တယ်လီကွန်ဆက်သွယ်ရေးကဏ္ဍကို နောင်တစ်ချိန်မှာ ဦးစီးဦးဆောင်ပြုမယ့် အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို သူတို့အတွက် သိထားသင့်တဲ့ဗဟုသုတတွေ၊ လိုအပ်တဲ့အတွေ့အကြုံတွေရရှိအောင် ပေးအပ်ရင်း အောင်မြင်တိုးတက်အောင် ပြုစုပျိုးထောင်ပေးဖို့ပဲဖြစ်ပါတယ်။

အခုလိုမျိုး ချမှတ်ထားတဲ့ရည်မှန်းချက်နဲ့အညီ လူငယ်လူရွယ်တွေရဲ့ သင်ယူလေ့လာရေးနဲ့ သူတို့လေးတွေရဲ့ ဘဝအသက်မွေးဝမ်းကြောင်းခရီးလမ်းတိုးတက်အောင်မြင်ဖို့အတွက် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်၊ မေလမှာ  အက်တမ် (ATOM) ကနေ ATOM Talent Accelerator Programme အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် တက္ကသိုလ်ဘွဲ့ရလူငယ်အယောက်ပေါင်း (၅၀) ကျော်ကို အစီအစဉ်ကာလတစ်လျှောက် (၁၈) လကြာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေကို ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

လူငယ်များကို အောင်မြင်မှုပန်းတိုင်ဆီ လက်တွဲကူညီလမ်းပြပေးမယ့် Talent Accelerator Programme အစီအစဉ်

(၁၈) လတာကြာမြင့်မယ့် TAP အစီအစဉ်မှာ ဘွဲ့ရပြီးခါစလူငယ်လူရွယ်များအနေနဲ့ သိသင့် သိထိုက်တဲ့ အရာအားလုံးကို တစ်နေရာတည်းမှာ သင်ယူလေ့လာနိုင်မယ့်အခွင့်အရေးတွေကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ -

  • လမ်းညွှန်သင်ကြားပြသပေးမှု(Mentorship and Coaching) - တန်ဖိုးရှိတဲ့ လမ်းညွန်ပြသမှုတွေနဲ့ အသိပညာဗဟုသုတတွေကို အက်တမ် (ATOM) မှာရှိကြတဲ့ ဝါရင်ကျွမ်းကျင်ပညာရှင်များဆီကနေ အနီးကပ်သင်ယူလေ့လာရမှာဖြစ်ပြီး သိကျွမ်းခွင့်ရရှိမှာဖြစ်ပါတယ်။
  • ပြည့်စုံကောင်းမွန်လှတဲ့ သင်ယူလေ့လာမှု(Comprehensive Learning) - နည်းဗျူဟာပိုင်းဆိုင်ရာ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ပရောဂျက်တာဝန်တွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ပါဝင်ဆွေးနွေးနိုင်မယ့် အတွေ့အကြုံတွေလည်းရရှိမှာပါ။
  • စွမ်းဆောင်ရည်တွေ တိုးတက်စေမယ့်အစီအစဉ်(Skill Development) - 5G နည်းပညာ၊ သုံးစွဲသူဝန်ဆောင်မှု၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနဲ့ cloud computing တို့လိုမျိုး တယ်လီကွန်းဆက်သွယ်ရေးနယ်ပယ်လောကမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့အပိုင်းတွေကို သေချာသင်ပေးရင်း လုပ်ငန်းပိုင်းဆိုင်ရာရော၊ လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာပါ ထူးချွန်ထက်မြက်စေမှာ ဖြစ်ပါတယ်။
  • အသိပညာဗဟုသုတတွေ မျှဝေပေးမယ့်အစီအစဉ်(Knowledge Sharing Sessions)- လက်ရှိတယ်လီကွန်းဆက်သွယ်ရေးလောကမှာ ဘာတွေခေတ်စားနေလဲဆိုတဲ့အကြောင်းတွေ၊ လုပ်သင့်တဲ့အချက်တွေကို အပြန်အလှန်ဆွေးနွေးပွဲမျိုးတွေ ကျင်းပပေးပြီး ဝေမျှသွားမှာဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ လူငယ်တွေအတွက် လိုအပ်တဲ့စွမ်းဆောင်ရည်တွေကို ဖြည့်ဆည်းပေးရင်း သူတို့လေးတွေရဲ့ အနာဂတ်အသက်မွေးဝမ်းကြောင်းခရီးလမ်း သာယာဖြောင့်ဖြူးစေဖို့အတွက် လမ်းခင်းပေးလိုက်သလိုပါပဲ။ နောက်ပြီးတော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့တဲ့ သင်တန်းသားများအနေနဲ့ အက်တမ် (ATOM) မှာ အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နိုင်ခွင့်ကို ရရှိသွားမှာဖြစ်ပါတယ်။

အက်တမ် (ATOM) ဟာ မြန်မာ့တယ်လီကွန်းဆက်သွယ်ရေးလောကကြီးရဲ့ အနာဂတ်ကို အလှပဆုံးပုံဖော်လုပ်ဆောင် သွားကြမယ့် လူငယ်လူရွယ်များရဲ့ အရည်အချင်းတွေတိုးတက်လာအောင် ပြုစုပျိုးထောင်ပေးပြီး နေတဲ့ သက်သေသာဓက မှတ်တမ်းတွေ အများကြီးရှိပါတယ် ။ အဲ့ဒီအထဲမှာဆိုရင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအထိ ပြုလုပ်ခဲ့ပြီး ပြည်တွင်းက နည်းပညာ ဒါမှမဟုတ် IT အကြောင်းကို သိရှိနားလည်တဲ့လူငယ်လူရွယ်တွေရဲ့ စွမ်းရည်တွေ တိုးတက်လာအောင် သင်ကြားပြသပေးတဲ့ Technology Trainee Programme (TTP) အစီအစဉ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရှေ့လာမယ့်လတွေမှာလည်း ATOM Talent Accelerator Programme အစီအစဉ်ရဲ့ အခြေအနေတွေနဲ့ အောင်မြင်မှုမှတ်တိုင်တွေအကြောင်းကို ဆက်လက်ဝေမျှပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

- ပြီး -

Back to top