We'd like to send you notifications of the latest posts and updates
Article
10 Mar,2025 - Yangon | 2 mins read
Author: အေးမြသန္တာ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဒုတိယ အရာရှိချုပ်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (IWD)ကို ၁၉၇၅ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးမှ တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၁၉၀၀ ပြည့်နှစ်နှောင်းပိုင်းမှစတင်ကာ အမျိုးသမီးများနဲ့ မိန်းကလေးများအားလုံးရဲ့ အခွင့်အရေး၊ ကျား-မတန်းတူညီမျှမှုနဲ့ လုပ်ပိုင်နိုင်စွမ်းများ အားပေးမြှင့်တင်ရေးတို့မှာ အင်အားအပြည့်နဲ့ ပါဝင်ရပ်တည်လာနိုင်ခဲ့ပါတယ်။ ထို့အတူ အက်တမ် (ATOM)အနေဖြင့်လည်း စတင်ဖြစ်တည်လာစဉ်ကတည်းက တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ဆက်သွယ်ရေးလုပ်ငန်းတစ်ခုအနေနဲ့ ကမ္ဘာတစ်ဝန်း အမျိူးသမီးများရဲ့အခန်းကဏ္ဍကို အားပေးမြှင့်တင်ခြင်းကိစ္စရပ်များမှာ ရည်မှန်းချက်ထား ပါဝင်ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ယဉ်ကျေးမှု၊ ကတိကဝတ်များနဲ့အညီ အက်တမ် (ATOM)ရဲ့ ဌာနအသီးသီးမှာ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်၀သောအမျိုးသမီးများကို အလုပ်ပေးအပ်ထားနိုင်ခြင်းအပေါ် ကျွန်မတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါကြောင့်လည်း ATOMESE အမျိုးသမီးများကြား အောင်မြင်မှုကို လေးစားတန်ဖိုးထားနိုင်စေဖို့ Women’s Club ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ကျွန်မတို့ရဲ့ လုပ်ငန်းခွင်ပြင်ပ လှုပ်ရှားမှုများအနေနဲ့ အားကစားပိုင်းမှာ အမျိုးသမီးများရဲ့အခန်းကဏ္ဍကို အားပေးမြှင့်တင်ဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နဲ့ ပူးပေါင်းဆောင်ရွက်ချက်မှုများလုပ်ဆောင်ထားနိုင်သလို လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်လုပ်ဆောင်ခြင်း (Human Rights Corrective Action Plan) အစီအစဥ်ကိုလည်း အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုနဲ့အတူ ချမှတ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။

အက်တမ်၏ အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ အထိမ်းအမှတ်
ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ theme ဖြစ်သော “အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအတွက် အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် အားပေးမြှင့်တင်ခြင်း (“For ALL women and girls: Rights. Equality. Empowerment”)” ဟာဆိုရင် အက်တမ် (ATOM)မှာ ထားရှိတဲ့ ကျွန်မတို့ရဲ့ ရည်မှန်းချက်များနှင့် အထူးကိုက်ညီမှုရှိတာကိုမြင်တွေ့ရပါတယ်။ ယခုနှစ် အမျိုးသမီးများနေ့၏ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ #AccelerateAction နဲ့အတူ ကမ္ဘာ့တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များမှာ အလားအလာကောင်းတွေရှိနေတဲ့လူဦးရေထက်ဝက်ကျော် အတိုင်းအတာရှိ အမျိုးသမီးများရဲ့ပေါင်းစည်းမှုအင်အား ကြီးမားပုံကိုလည်း မီးမောင်းထိုးပြလျှက်ရှိနေပါတယ်။ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်၊ ပူးပေါင်းပါဝင်နိုင်မှု အပြင် အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ပေါ်အကျိုးသက်ရောက်မှုတွေအကြောင်းကို “အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အပြင် မတူကွဲပြားမှု၊ အားလုံးပါဝင်နိုင်မှု နှင့် အပြောင်းအလဲကို ဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် အက်တမ် အမျိုးသမီးဝန်ထမ်းတွေနဲ့အတူ ကျွန်မတို့ ဖိတ်ခေါ်ထားတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးတို့ က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ATOM Women's Club ကလည်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ Zumba session တစ်ခုကို အမျိုးသမီးဝန်ထမ်းတွေအတွက် စီစဉ်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေကိုဖော်ဆောင်နိုင်ဖို့အတွက် အက်တမ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို အမျိုးသမီးဘောလုံးအားကစား ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်မှ ယနေ့အချိန်အထိ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၃၀၀၀ (သန်း ၃၀၀)ကို လည်း လှူဒါန်းကူညီပံ့ပိုးပေးထားပါတယ်။
ခေါင်းဆောင်မှုပိုင်းမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အမျိူးသမီးကိုယ်စားပြု ၃၂ ရာခိုင်နှုန်းနဲ့အတူ အားလုံးပါဝင်မှုကို အားပေးမြှင့်တင်ရင်း ကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအပိုင်းများမှာ တိုးတက်မှုရှိလာစေဖို့အတွက် ATOMESE Women’s Club ကို မိတ်ဆက်ထားနိုင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ATOMESE အမျိူးသမီးများအနေနဲ့ အပြန်အလှန် ဆက်သွယ်ခြင်း၊ စီးပွားရေးဆိုင်ရာ အချက်အလက်များမျှဝေခြင်း၊ အမျိုးသမီးဦးဆောင်ကျင်းပသောပွဲများ ရုံးတွင်း၊ ရုံးပြင် ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်လာနိုင်ပြီး လူမှုအသိုင်းအဝိုင်းအတွက် ရလဒ်ကောင်းများ ပြန်လည်အသုံးချ မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ Club အနေနဲ့ အမျိူးမျိူးသော ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကိုလည်း နှစ်စဉ်စီစဉ်ပြုလုပ်ပေးလျှက်ရှိပြီး သင်တန်းတစ်ခုစီတိုင်းဟာ အမျိုးသမီးများရဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်အောင်မြင်ရေးအတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အသင့်ဖြစ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ ရရှိလာအောင် အားပေးမြှင့်တင်တဲ့အပိုင်းကို အဓိကဦးတည်ချက်ထားရှိတာဖြစ်ပါတယ်။
လူသားတိုင်းအတွက်ထားရှိသော လူ့အခွင့်အရေး
တယ်လီကွန်းဝန်ဆောင်မှုများပေးခြင်းအပြင် ယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်လွန်နိုင်စေရန် Mate App ကိုထုတ်လုပ်ဖို့ Marie Stopes Myanmar (MSM) နဲ့ ၂၀၁၅ ခုနှစ်မှာ စတင်လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ app ဟာ မိခင်သစ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု အကြံပေးချက် မျိူးစုံဖြင့် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ATOM မှ ၄၂ ရာခိုင်နှုန်းသော အမျိုးသမီး ဝန်ထမ်းများကို မီးဖွားခွင့်ခြောက်လထားရှိပေးထားပြီး မိခင်အပါအဝင် ကလေးနှင့် အိမ်ထောင်ဖက်အတွက်ပါ အကျူံးဝင်သော ကျန်းမာရေးအာမခံအစီအစဥ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ #AccelerateAction ကို အားပေးမြှင့်တင်နေခြင်းနဲ့အတူ အက်တမ် (ATOM)စတင်မိတ်ဆက်ချိန် ၂၀၂၂ ခုနှစ်မှစတင်ပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအတွက် အစီအစဉ်တစ်ခုကိုလည်း ရေးဆွဲဖော်ဆောင်နေတာရှိပါတယ်။ နိုင်ငံတကာမှာ ဂုဏ်သတင်းကျော်စောပြီး အမျိုးသမီးများ ဦးဆောင်သော လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းထားတဲ့ အတိုင်ပင်ခံအဖွဲ့အစည်းရဲ့ ရှာဖွေတွေ့ရှိချက်များအပေါ် အခြေခံပြီး ကျွန်မတို့ရဲ့ customer များ၊ ဝန်ထမ်းများ၊ supplier များနဲ့ partner များအပေါ် စာနာနားလည်တတ်သော တာဝန်oတ္တရားများကိုလည်း လက်ခံကျင့်သုံးလာနိုင်ခဲ့ပါတယ်။
နိဂုံး
#AccelerateAction နဲ့အတူ အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ဟာဆိုရင် ကျား-မတန်းတူညီမျှမှု ကို အားပေးမြှင့်တင်ရင်း အသိပညာပေးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အမျိူးသမီးများ၊ မိန်းကလေးများအနေနဲ့ လှုမှုအသိုင်းအဝိုင်းများကြား အခက်အခဲအတားအဆီးများစွာ ကြုံတွေ့နေရပေမဲ့ အဆိုပါ ကိစ္စရပ်တွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြပါတယ်။ ကျွန်မတို့ အမျိူးသမီးများ၊ မိန်းကလေးများအနေနဲ့ အိပ်မက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်သလို တခြားသူများအတွက် အိပ်မက်တွေအကောင်အထည်ဖော်နိုင်စေဖို့၊ လေ့လာသင်ယူနိုင်စေဖို့နဲ့ ပိုမိုတိုးတက်ဖြစ်ထွန်းလာနိုင်စေဖို့ အားဖြစ်စေမဲ့ နည်းလမ်းများကိုလည်း ဖော်ဆောင်ပေးနိုင်ကြတာဖြစ်ပါတယ်။ အားလုံးပါဝင်မှုနှင့် မတူကွဲပြားမှုတို့ဟာ အားကောင်းတဲ့ အကျိူးကျေးဇူးများစွာရှိပါတယ်။ ဒါကြောင့် အက်တမ် (ATOM) အနေနဲ့လည်း "မျှဝေခံစား အက်တမ်၏ နှလုံးသား" ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ CSR လူမှုအကျိူးပြုလုပ်ငန်းများကို တက်တက်ကြွကြွ ဆက်လက် အကောင်အထည်ဖော် ကြိုးစားလုပ်ဆောင်သွားမှာပါ။ ယခုကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ဟာ ကျွန်မတို့ အမျိူးသမီးများနဲ့ မိန်းကလေးများအားလုံးအတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုများ အတူတကွ ရယူဖော်ဆောင်ရေးမှာ အမှန်တကယ်ကို တွန်းအားဖြစ်စေပါတယ်။
Back to top
Share