We'd like to send you notifications of the latest posts and updates

Article

အလုပ်နဲ့ နေ့စဉ်ဘဝ ပိုမို ဟန်ချက်ညီလာစေရန် နည်းလမ်းများ

21 Apr,2023 - Yangon | 2 mins read

ရေးသူ - ဦးဝင်းပိုင်ကျော်၊ အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်

ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် အလုပ်နဲ့ နေ့စဉ်ဘဝကို ဟန်ချက်ညီအောင် ချိန်ညှိနိုင်ဖို့က အရေးကြီးပါတယ်။ အခုခေတ်လို အပြောင်းအလဲမြန်ပြီး လိုအပ်ချက်တွေ များပြားလာတဲ့ လုပ်ငန်းခွင် အနေအထားကြောင့် အလုပ်နဲ့နေ့စဉ်ဘဝကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ဖို့က တစ်ခါတစ်​လေ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ နေ့စဉ်ဘဝကို ပိုပြီး ဟန်ချက်ညီလာအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ စည်းဘောင်တစ်ခု သေချာသတ်မှတ်ထားပါ။ - အလုပ်ကို အလွန်အကျွံလုပ်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းတာမျိုး မဖြစ်အောင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို နယ်နိမိတ်တစ်ခု ရှင်းရှင်းလင်းလင်း သတ်မှတ်ခွဲခြားထားဖို့ အရေးကြီးပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ အလုပ်လုပ်တာနားမယ့်အချိန်တစ်ခုကို သတ်မှတ်ထားလိုက်ပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက် အချိန်ဖယ်ထားတာမျိုး တစ်နည်းအားဖြင့် ညနေပိုင်းတွေ ဒါမှမဟုတ် ရုံးပိတ်ရက်တွေမှာ အလုပ်နဲ့ပတ်သက်တဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ ထွက်လိုက်ပြီး ကိုယ့်အတွက်ပဲ အချိန်ပေးတာမျိုး ဖြစ်ပါတယ်။

၂။ မိမိကိုယ်ကို ဦးစားပေးပါ။ - ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကကောင်းမွန်သင့်တင့်တဲ့ အလုပ်နဲ့ နေ့စဉ်ဘဝ ဟန်ချက်ညီမှု ရရှိနိုင်ဖို့ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုတာက လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စာဖတ်တာ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးတာမျိုးပါ။ ဒီလိုမျိုး အချိန်ကုန်ဆုံးတာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီးတော့ ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာ  ဖြစ်ပါတယ်။

၃။ အချိန်ဇယားတစ်ခု ပြုလုပ်ပါ။ - သင့်ရဲ့ တစ်နေ့တာနဲ့ တစ်ပတ်တာမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို ကြိုတင်အချိန်ဇယားတစ်ခုဆွဲထားမယ်ဆိုရင်  စနစ်တကျနဲ့ အချိန်ကို ပိုပြီး အကျိုးရှိရှိ ဦးစားပေးလာနိုင်မှာပါ။ ဒီလိုအချိန်ဇယားဆွဲတဲ့အချိန်မှာ အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့  မိမိကိုယ်ကိုယ်ဂရုစိုက်မှု စတဲ့အရာတွေအတွက် အချိန်သီးသန့်ဖယ်ထားတာမျိုးလည်း ပါဝင်ပါတယ်။ 

၄။ နည်းပညာကို လိုအပ်သလိုအသုံးချပါ။ - နည်းပညာဆိုတာ သင့်အလုပ်နဲ့ နေ့စဉ်ဘဝ ဟန်ချက်ညီစေဖို့ လုပ်ဆောင်တဲ့နေရာမှာ အကူအညီဖြစ်စေနိုင်သလို အဟန့်အတားတစ်ခုလဲ ဖြစ်စေနိုင်ပါတယ်။ အလုပ်တွေကို အလိုအလျောက် လုပ်ဆောင်နိုင်ပြီး ပိုမိုချောမွေ့အောင် ကူညီပေးနိုင်မယ့် အချိန်ဇယားဆွဲပေးနိုင်တဲ့ ဆော့ဖ်ဝဲလ် ဒါမှမဟုတ် အချိန်မှတ်ထားနိုင်တဲ့ အက်ပလီကေးရှင်းတွေလိုမျိုး အထောက်အကူပြုကိရိယာတွေနဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုပါ။ ဒီလိုအသုံးပြုမယ်ဆိုရင် သင့်ဘဝရဲ့ တစ်ခြားအရေးကြီးတဲ့အရာတွေကို အာရုံစိုက်ဖို့ အချိန်ပိုပြီးရနိုင်မှာ ဖြစ်ပါတယ်။

၅။ သင့်အလုပ်ရှင်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။ - သင့်အလုပ်ရှင်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာက ပိုမိုကောင်းမွန်တဲ့ အလုပ်နဲ့နေ့စဉ်ဘဝ ဟန်ချက်ညီမှုကို ရနိုင်ဖို့အတွက် အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ လိုအပ်ချက်တွေကို အလုပ်ရှင်နဲ့ ဆွေးနွေးကြည့်ပြီး အိမ်ကနေ အလုပ်လုပ်တာမျိုး ဒါမှမဟုတ် သင့်အလုပ်ချိန်ကို ညှိနှိုင်းပေးတာမျိုး စတဲ့ လိုက်လျောညီထွေမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်မလားဆိုတာကို ဆွေးနွေးကြည့်သင့်ပါတယ်။ 

၆။ ငြင်းတတ်ဖို့ သင်ယူပါ။ - သင့်အလုပ်မှာရော ကိုယ်ရေးကိုယ်တာဘဝမှာပါ လုပ်ဆောင်ရမယ့် ကတိကဝတ်တွေနဲ့ ဝန်ပိလာဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ မလိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ငြင်းဆိုနိုင်ဖို့ သင်ယူပြီး အမှန်တကယ် အရေးကြီးတဲ့အရာကိုပဲ ပိုပြီး အာရုံစိုက်သင့်ပါတယ်။

၇။ အလုပ်တာဝန်တွေခွဲပေးပါ။ - သင့်ရဲ့အလုပ်တာဝန်တွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခွဲဝေပေးတာက သင့်လုပ်ငန်းတာဝန်ကို စီမံခန့်ခွဲတဲ့နေရာမှာ အထောက်အကူဖြစ်စေပြီး အလုပ်နဲ့နေ့စဉ်ဘဝ ဟန်ချက်ညီမှုကို ပိုမိုတိုးတက်စေပါတယ်။ သင်အလုပ်များနေတဲ့အချိန် ဒါမှမဟုတ် တခြားအရေးကြီးတဲ့ အလုပ်တွေပေါ်လာတဲ့အချိန်မှာ တစ်ချို့အလုပ်တွေကို ကူညီပေးဖို့ ခွဲဝေပေးမယ်ဆိုရင် ပိုပြီး အရေးကြီးတဲ့အလုပ်တွေအပေါ် အာရုံစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

၈) ခဏအနားယူပေးပါ။ - အလုပ်ပိပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်ရအောင် တစ်နေ့တာလုံးမှာ ခဏတာဖြစ်ဖြစ် အနားယူပေးဖို့က အရေးကြီးပါတယ်။ အလုပ်မှာ ခဏတာအနားယူဖို့ အကောင်းဆုံးနည်းလမ်း တွေကတော့ အပြင်ကို လမ်းခဏထွက်လျှောက်ပေးတာမျိုး၊ အလုပ်ကို မိနစ်ပိုင်းလောက် မလုပ်ဘဲထားလိုက်တာမျိုးဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခဏလောက် စကားပြောတာမျိုး ဖြစ်ဖြစ်လုပ်သင့်ပါတယ်။

အခု မျှဝေပေးသွားတဲ့နည်းလမ်းတွေကို တစ်ခါလောက်လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီနည်းလမ်းတွေကို ကိုယ်တိုင် လိုက်လုပ်ပြီးအလုပ်နဲ့နေ့စဉ်ဘဝကို ပိုပြီး ဟန်ချက်ညီအောင် ကြိုးစားကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ရောကိုယ်ပါ ပိုမို ပျော်ရွှင်ကောင်းမွန်လာရုံမက ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပြီးတော့ ရေရှည်မှာလည်း အလုပ်လုပ်နိုင်စွမ်းတွေ ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။

Back to top