We'd like to send you notifications of the latest posts and updates

Article

လုပ်ငန်းခွင်အတွင်းဖြစ်တဲ့စိတ်ပင်ပန်းနွမ်းနယ်မှုလက္ခဏာများနဲ့ ပြေလျော့သက်သာစေမယ့် နည်းလမ်းများ

28 Aug,2023 - Yangon | 2 mins read

ရေးသူ - ဝင်းပိုင်ကျော်၊ အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်

Deloitte ကုမ္ပဏီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းခွင်အတွင်း စိတ်ပင်ပန်းနွမ်းနယ်မှု (Burnout) နဲ့ ပတ်သက်တဲ့ စစ်တမ်းအရ ဖြေဆိုသူ (၇၇) ရာခိုင်နှုန်းက လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေတာကို ခံစားနေရကြောင်း ဖြေကြားထားပါတယ်။ ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေတဲ့လုပ်ငန်းခွင်အတွင်းမှာ စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်မှုတွေက တစ်ချိန်ချိန်မှာ ခံစားရတတ်ပါတယ်။ အခုလို ဖြစ်ပွားလာပါက လက်တွေ့ကျကျ ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်ဘဝကြား ကောင်းမွန်တဲ့ work-life balance ညီမျှစွာ တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ကျွန်တော် မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်တာကို ခံစားနေရကြောင်း ဘယ်လို သိနိုင်မလဲ?

ကိုယ့်အနေနဲ့ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါပင်ပန်းနေကြောင်း ထင်မြင်မိရင် မိမိကိုယ်ကို အောက်ပါ မေးခွန်းအချို့ကို မေးမြန်းကြည့်ပါ။

) နေ့တိုင်း အလုပ်သွားရမှာကို စိတ်ညစ်နေသလား?

) အလုပ်လုပ်ဖို့ တွန်းအားမရှိတာ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေသလား?

) အလုပ်နဲ့ ပတ်သက်ပြီး ယုံကြည်ချက်ပျောက်နေတာ ဒါမှမဟုတ် အဆိုးမြင်တဲ့ အတွေးတွေ ရှိနေသလား?

) စွမ်းဆောင်ရည်တွေ ကျဆင်းလာတာကို သတိထားမိနေသလား?

 

တကယ်လို့ မေးခွန်းတိုင်းအတွက် အဖြေက ဟုတ်ပါတယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါပင်ပန်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  ဒီလိုပင်ပန်းနွမ်းနယ်မှုတွေက ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ စားသောက်မှုပုံစံ ပြောင်းလဲသွားတာ စတဲ့  ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် ဖြေရှင်းဖို့ နည်းလမ်းတွေ လုပ်ဆောင်ဖို့က အရေးကြီးလှပါတယ်။

လုပ်ငန်းခွင်အတွင်း စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေတာကို ဘယ်လို ဖြေရှင်းကြမလဲ?

စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေတာက စိတ်ဖိစီးမှုနဲ့မတူဘဲ ကွဲပြားပါတယ်။ အပန်းဖြေခရီးထွက်တာ စတဲ့ စိတ်အပန်းပြေစေနိုင်တဲ့ နည်းလမ်းမျိုးက အလုပ်မှာ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို ခေတ္တရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါပင်ပန်းနေတာမျိုးက ကိုယ့်ရဲ့စိတ်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲမှုအချို့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လည်လုပ်ဆောင်နိုင်ဖို့ အောက်ပါ အသုံးဝင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

လုပ်ငန်းခွင်မှာ အကန့်အသတ်တွေ ပြုလုပ်ထားပါ - ကိုယ့်အတွက် အဆင်မပြေရင် ငြင်းပယ်လို့ ရနိုင်တယ်ဆိုတာကို သိရှိထားပြီး အလုပ်ချိန်ပြင်ပမှာ အလုပ်ကိစ္စတွေကို ခဏမေ့ထားပါ။

အလုပ်ကို ဆက်တိုက်မလုပ်ပဲ မကြာခဏဆိုသလို အနားယူပေးပါ - လမ်းခဏ ထလျှောက်တာ ဒါမှမဟုတ် အပြင်ခဏထွက်ပြီး လေကောင်းလေသန့်ရှုတာတွေ ပြုလုပ်ပါ။

စိတ်အပန်းပြေဖို့နဲ့ အားအင်ဖြည့်ဆည်းဖို့ အချိန်ပေးပါ - ကိုယ်နှစ်သက်တဲ့ ဝါသနာပြုလုပ်တာ၊ ယောဂ ကျင့်တာ၊ ချစ်ခင်နှစ်သက်သူတွေနဲ့ အချိန်ကုန်ဆုံးတာမျိုးတွေ လုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။

ခံစားချက်များကို ရင်ဖွင့်တိုင်ပင်ပါ - မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများ၊ မိသားစု ဒါမှမဟုတ် ကုထုံးပညာရှင်တို့ကို အခက်အခဲများကို ရင်ဖွင့်တိုင်ပင်ပြီး လိုအပ်ပါက အကူအညီ ရယူပါ။

ကျွန်တော်တို့ အက်တမ် (ATOM) မှာဆိုရင် ဝန်ထမ်းတွေရဲ့ ပျော်ရွှင်မှုနဲ့ စွမ်းဆောင်ရည်တွေအတွက် ကောင်းမွန်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို ဖန်တီးထားပေးဖို့လိုအပ်တယ်ဆိုတာကို ယုံကြည်လက်ခံထားပါတယ်။ ဝန်ထမ်းတိုင်းကို အမြဲ တန်ဖိုးထားပြီး ပံ့ပိုးမှုနှင့် ချိတ်ဆက်မှုတွေ ခံစားရမယ့် လုပ်ငန်းပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ အမြဲရှေးရှုထားပါတယ်။

လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ရတာက စိတ်ဖိစီးမှုဖြစ်စေကြောင်း သိရှိနားလည်ထားတာကြောင့် မကြာမီက ကျင်းပပြုလုပ်ပေးခဲ့တဲ့  ATOM Office Yoga နဲ့ Friday Bazaar လိုမျိုး အစီအစဉ်တွေကို ကျွန်တော်တို့ ဝန်ထမ်းတွေ အပန်းပြေပျော်ရွှင်နိုင်ဖို့အတွက် ပုံမှန်လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။ အက်တမ်(ATOM) မှာဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်မြှင့်တင်ဖို့နှင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ဖို့အတွက် ဝန်ထမ်းအားလုံးရဲ့အောင်မြင်မှုအသီးအပွင့်တွေကိုလည်း အတူတကွ မျှဝေဂုဏ်ပြုကြလေ့ရှိပါတယ်။ 

နိဂုံးချုပ်အနေနဲ့  “အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းဆိုတာ တာတိုပြေးရမှာမဟုတ်ဘဲ တာရှည်ပြေးရမယ့် မာရသွန်ပြေးပွဲတစ်ခုပါဆိုတဲ့ စကားစုလေးနဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတဲ့ ပညာရှင်တွေအားလုံးကို စိတ်ခွန်အားပေးချင်ပါတယ်။

ဒီစကားစုလေးအတိုင်း ခရီးဝေးတဲ့ ပန်းတိုင်ကို အောင်အောင်မြင်မြင်ရောက်ရှိနိုင်ဖို့ သက်လုံကောင်းအောင် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းပြီး ကျန်းမာပျော်ရွှင်ရေးကို ဦးစားပေးဖို့ အရေးကြီးကြောင်း အကြံပြုလိုက်ပါတယ်။ 

Back to top